PSM NEWs ဇူလိုင် ၂၇ ၊ ၂၀၂၆ စစ်ကိုင်းတိုင်း၊ အင်းတော်နှင့် မော်လူးမြို့နယ်များအတွင်း စစ်ကြောင်းထိုးခဲ့သည့် အာဏာလုစစ်တပ် လက် အောက်ခံ တပ်မ (၃၃) စစ်ကြောင်းများသည် စစ်ကိုင်း၊ ရွှေဘိုနှင့် မန္တလေးမြို့များရှိ နောက်တန်း စခန်းများသို့ ပြန်လည်ဆုတ်ခွာလျက်ရှိပြီး ထိုသို့ ဆုတ်ခွာခြင်းသည် အခြားစစ်မျက်နှာပြင်များသို့ ရွှေ့ပြောင်းရန် သို့မဟုတ် တပ်အင်အား ပြန်လည်စုဖွဲ့ရန်အတွက် ဖြစ်နိုင်ကြောင်း စစ်ရေးစောင့်ကြည့် လေ့လာသူများက သုံးသပ်သည်။ အာဏာလုစစ်အုပ်စုသည် ပြီးခဲ့သည့် ဇူလိုင် ၂၂ ရက်မှစတင်၍ မန္တလေး-မြစ်ကြီးနား လမ်းပိုင်းအတိုင်း စစ်ကား ၈၀ ခန့်ပါဝင်သော ယာဉ်တန်းနှစ်တန်းဖြင့် ဆုတ်ခွာလာခဲ့ရာ အင်အားအချို့သည် မန္တလေး နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) နှင့် ပုသိမ်ကြီးမြို့နယ်ရှိ ခမရ -၁၁၆ ၊ ခမရ -၁၁၉ တို့သို့ ဝင်ရောက်ခဲ့သည်။ ထို့အပြင် အင်အား ၂၀၀ ဝန်းကျင်မှာ စဉ့်ကူးမြို့နယ် လက်ပန်လှရွာမှတစ်ဆင့် စဉ့်ကူးမြို့အတွင်းသို့ လည်းကောင်း၊ ကျောက်မြောင်း (ခလရ-၁၂) မှတစ်ဆင့် ဇူလိုင် ၂၄ ရက်တွင် ရွှေဘိုမြို့အတွင်း သို့လည်းကောင်း အသီးသီး ဝင်ရောက်ခဲ့သည်။ အင်းတော်ဘက်မှ စစ်ကြောင်းအချို့ကိုမူ ဝန်းသိုမြို့ရှိ ခမရ -၁၁၁ အတွင်းသို့ ရဟတ်ယာဉ်များဖြင့် ပြန်လည်ပို့ဆောင်ခဲ့သည်။ စစ်ကိုင်းမြို့တွင် အခြေစိုက်သော တပ်မ (၃၃) သည် သပိတ်ကျင်းမှ တကောင်းသို့ ထိုးစစ်ဆင်စဉ် တပ်မ (၅၅) နှင့် အလဲအလှယ်လုပ်ခဲ့သည်။ အင်းတော်နှင့် မော်လူးမြို့နယ်အတွင်း တပ်စွဲထားသည့် အဆိုပါ စစ်ကြောင်းများသည် ဇူလိုင် ၁၈ ရက်မှစ၍ ပြန်လည်ဆုတ်ခွာခဲ့ခြင်းဖြစ်သည်။ အဆိုပါ အာဏာလုစစ်တပ် စစ်ကြောင်းများ ဆုတ်ခွာသွားပြီးနောက် မဲဇာ၊ နန့်သဲ၊ သံဘို၊ နောင်မိုး နှင့် အလယ်ဆိပ် စသည့် ကျေးရွာများရှိ သောက်သုံးရေကန်အချို့၊ အိမ်သုံးရေစည်ပိုင်းများ၊ ရေသန့်ဗူးများ နှင့် ဆန်အပါအဝင် စားသောက်ကုန်များတွင် ဓာတုဆေးဝါးများ သုံး၍ အဆိပ်ခတ်သွားခဲ့ကြောင်း ဒေသခံများ ၏ ပြောကြားချက်အရ သိရသည်။ တစ်ဖက်တွင်လည်း တကောင်းမြို့အနီး တိုက်ပွဲများအတွင်း သေဆုံးသွားသည့် အာဏာလု စစ်တပ် တပ်ဖွဲ့ဝင်အချို့ ၏ ယူနီဖောင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (မပခ) လက်မောင်းတံဆိပ်များကို တွေ့ရှိရပြီး ယင်းတပ်များမှာ လက်ရှိအချိန်ထိ ဆုတ်ခွာခြင်း မရှိသေးပေ။ ထို့အပြင် မိုးမိတ်မြို့ဘက် သို့လည်း လွန်ခဲ့သော ဧပြီလအတွင်းက တြိဂံဒေသတိုင်းစစ်ဌာနချုပ် (တသခ) လက်အောက်ခံ တပ်များကို စေလွှတ်ထားကြောင်း သိရသည်။ ဓာတ်ပုံ-စစ်လော်ဘီတယ်လီဂရမ် Post navigation အာဏာလု စစ်အုပ်စုအား ပံ့ပိုးနေသည့် နိုင်ငံတကာ ရေနံဝန်ဆောင်မှုကုမ္ပဏီ ၁၁ ခုကို Burma Campaign UK ၏ နာမည်ပျက် စီးပွားရေးလုပ်ငန်းများ စာရင်းတွင် ထပ်မံထည့်သွင်း စစ်ကိုင်းနှင့် ဝက်လက်တို့တွင် အာဏာလုစစ်တပ်က လေကြောင်းမှ ဗုံးကြဲ၍ ဇနီးမောင်နှံ ၂ ဦး သေဆုံးကာ စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး