PSM (News) စက်တင်ဘာ ၇၊ ၂၀၂၆ အင်ဒိုနီးရှားနိုင်ငံ၊ အာနက် ကရာခါအို မီးတောင် ပေါက်ကွဲမှုကြောင့် မီးတောင်မီးခိုးပြာများ လွင့်ပျံ့လာခြင်းကြောင့် စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်နှင့် ဂျာကာတာမြို့ဆူကာနို-ဟတ်တာ (Soekarno-Hatta) အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့အကြား ပျံသန်းမည့် လေကြောင်းခရီးစဉ်များ ရပ်ဆိုင်းခဲ့ရကာ ခရီးသွားလာမှုများ ကြီးမားစွာ အနှောင့်အယှက် ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ လေကြောင်းလိုင်းများ၏ သတင်းအချက်အလက် ထုတ်ပြန်ချက်များ ကွဲလွဲမှုကြောင့် ခရီးသည်အချို့သည် လေဆိပ်သို့ ရောက်ရှိမှသာ လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခံလိုက်ရကြောင်း သိရှိခဲ့ရသလို၊ အင်ဒိုနီးရှားဘက်တွင်လည်း လူဝင်မှုကြီးကြပ်ရေး စစ်ဆေးမှုများ ပြီးဆုံးသွားသည့် ခရီးသည်များမှာ လေယာဉ်ပေါ်သို့ တက်ရောက်ရန် အသင့်ဖြစ်နေချိန်၌ တားမြစ်ပိတ်ပင်ခံခဲ့ရသည်။ ဂျာကာတာ လေဆိပ်တာဝန်ရှိသူများ၏ စာရင်းအရ တနင်္ဂနွေနေ့ ဒေသစံတော်ချိန် နံနက် ၁ နာရီခွဲမှ မွန်းလွဲ ၁ နာရီခွဲအတွင်း ခရီးစဉ် ဖျက်သိမ်းခြင်း၊ နှောင့်နှေးခြင်းနှင့် လမ်းကြောင်းပြောင်းရွှေ့ခြင်း စုစုပေါင်း ခရီးစဉ် ၃၀၁ ခုအထိ ထိခိုက်ခဲ့သည်။ ၄င်းတို့အနက် ပြည်တွင်းခရီးစဉ် ၂၃၃ ခု၊ နိုင်ငံတကာခရီးစဉ် ၅၈ ခုနှင့် ကုန်တင်လေယာဉ်ခရီးစဉ် ၁၀ ခု ပါဝင်သည်။ လေဆိပ်၏ ပုံမှန်လုပ်ငန်းဆောင်တာများကို စင်ကာပူစံတော်ချိန် ည ၁၀ နာရီခွဲတွင် ပြန်လည်စတင်ရန် စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ လေကြောင်းခရီးစဉ် ရပ်ဆိုင်းမှုကြောင့် ခရီးသွားပြည်သူများမှာ ခရီးသွားလာရေး အစီအစဉ်များ အပြောင်းအလဲဖြစ်ကာ အခက်အခဲများနှင့် ရင်ဆိုင်နေကြရပြီး သက်ဆိုင်ရာ လေကြောင်းလိုင်းများက ခရီးစဉ်များကို ပြန်လည်စီစဉ်ပေးခြင်းနှင့် လက်မှတ်ခ ငွေပြန်အမ်းပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက် ရှိသည်။ ကိုးကား-CNA Post navigation နယူးဒေလီမြို့တွင် အဆောက်အအုံတစ်ခု ပြိုကျမှုကြောင့် လူတစ်ဦး သေဆုံးပြီး အများအပြား ပိတ်မိနေ အမေရိကန် သံအမတ်ကြီး မိုက်ကယ် ဟပ်ကဘီ အနောက်ဘက်ကမ်းဒေသရှိ တူမူစ် အာယာမြို့သို့ သွားရောက်ကာ အမေရိကန် နိုင်ငံသားများ၏ မိသားစုဝင်များနှင့် တွေ့ဆုံ