PSM(News)

စက်တင်ဘာ ၁၁ ၊ ၂၀၂၆

အရပ်သားအသွင်ပြောင်း သမ္မတ ဦးသိန်းစိန် လက်ထက်က ဝန်ကြီးဟောင်း ဦးအောင်မင်း အပါအဝင် မြန်မာ့ငြိမ်းချမ်းရေးစင်တာ (MPC) မှ လူဟောင်းများကို ပြန်လည် အသုံးပြုကာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များကို ချဉ်းကပ်ရန် အာဏာလု စစ်အုပ်စုက ပြင်ဆင်နေကြောင်း စစ်ရေးနှင့် နိုင်ငံရေး လေ့လာစောင့်ကြည့်သူများက PSM ကို သုံးသပ်ပြောကြားသည်။

အာဏာလု စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဩဂုတ် ၂၇ ရက်က အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ အကြံပေးအဖွဲ့ကို ပြန်လည်ဖွဲ့စည်းခဲ့ပြီး အဆိုပါ အကြံပေးအဖွဲ့တွင် ၂၀၁၂ ခုနှစ် အရပ်သားအသွင်ပြောင်း သမ္မတ ဦးသိန်းစိန် လက်ထက်က ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) ဥက္ကဋ္ဌ ဝန်ကြီးဟောင်း ဦးအောင်မင်း၊ အဖွဲ့ဝင်များဖြစ်သည့် ဦးအောင်နိုင်ဦးနှင့် ဒေါက်တာမင်းဇော်ဦး တို့ကို ပြန်လည် ခန့်အပ်ခဲ့ခြင်း ဖြစ် သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် အာဏာလု စစ်အုပ်စု ရင်ဆိုင်နေရသော စစ်ရေးအကျပ် အတည်းတွင် တိုင်းရင်းသားအဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးပါနေသည့်အတွက် အဆိုပါ တိုင်းရင်းသားအဖွဲ့များနှင့် ထိတွေ့ဆက်ဆံဖူးသည့် MPC လူဟောင်းများကို ပြန်လည်အသုံးပြုခြင်းဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော် က သုံးသပ်သည်။

“အင်အားကြီး လက်နက်ကိုင်အဖွဲ့တွေကို ချဉ်းကပ်ဖို့အတွက် ဦးအောင်မင်းတို့လို ဝါရင့် လူဟောင်းတွေကို ထုတ်သုံးလာတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် စစ်အုပ်စုသည် အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များဖြစ်သည့် ‘ဝ’ အဖွဲ့ (UWSA)၊ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကိုးကန့်တပ် (MNDAA)၊ တအာင်းတပ် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့ဖြင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ (FPNCC) အဖွဲ့ဝင်များအား တစ်ဖွဲ့ချင်းစီ ခွဲထုတ်၍ လိုက်လံဆွေးနွေးလျက် ရှိသည်။

ဗိုလ်ကြီး ဇင်ယော် က “အဖွဲ့တွေ တော်တော်များများ အပစ်ရပ်ပြီးမှ အာရက္ခတပ်တော် (AA) ရယ်၊ ချင်းပြည် နယ် တောင်ပိုင်းရယ်၊ အဓိက အညာဒေသမှာရှိတဲ့ PDF တွေကို နှိမ်နင်းဖို့အတွက် အခု အပစ်ရပ်ထားတဲ့ အဖွဲ့တွေရော နောက်ထပ် အဖွဲ့တွေပါ အပစ်ရပ်ဖို့ အရေးတကြီး လိုအပ်နေတယ်ဆိုတဲ့ အနေအထားမျိုး တွေ့ရပါတယ်” ဟု စစ်အုပ်စု၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှု နောက်ကွယ်မှ စစ်ရေးပရိယာယ်ကို သုံးသပ်သည်။

ဦးအောင်မင်း ဦးဆောင်သည့် MPC သည် အရပ်သားအသွင်ပြောင်း သမ္မတ ဦးသိန်းစိန် လက်ထက်က ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နှင့် အစိုးရ၊ စစ်တပ်တို့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ချုပ်ဆိုနိုင်အောင် ဆောင်ရွက်ပေးခဲ့သည်။

သို့သော် အာဏာလု စစ်အုပ်စုက ပြန်လည် အသုံးပြုထားသည့် MPC လူဟောင်းများ၏ လက်ရှိ ချဉ်းကပ်မှု ပုံသဏ္ဍာန်သည် ယခင် ချဉ်းကပ်မှုနှင့် ကွဲပြားနိုင်ကြောင်း နိုင်ငံရေး စောင့်ကြည့်လေ့လာသူ ကိုထင်ကျော်အေး က သုံးသပ်သည်။

“အရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ဦးသိန်းစိန်အစိုးရ လက်ထက် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ခဲ့တဲ့သူတွေ အနေနဲ့ သူတို့ရဲ့ သုံးသပ်ချက်တွေဟာ ပိုပြီးတော့ ထိန်းချုပ်ရမယ်၊ ကန့်သတ်ရမယ်၊ ပြုပြင်ပြောင်းလဲရေးကို ထိန်းထိန်းချုပ်ချုပ်နဲ့ လုပ်ရမယ်ဆိုတဲ့ အမြင်မျိုးတွေ ပိုကဲလာတယ်လို့ သိရပါတယ်” ဟု ၎င်းက PSM ကို ပြောသည်။

အာဏာလု စစ်အုပ်စုသည် MPC လူဟောင်းများကို အသုံးပြုကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် PDF များ၏ အဓိက မဟာမိတ်ဖြစ်သည့် KIA ကို ချဉ်းကပ်နေသော်လည်း ထူးခြားသည့် ရလဒ် ထွက်ပေါ်လာမည် မဟုတ်ကြောင်း ကိုထင်ကျော်အေး က ဆက်ပြောသည်။

“အခု လူတွေကို သုံးပြီးတော့ ချဉ်းကပ်မယ်ဆိုလည်း အနှစ်သာရအားဖြင့် အပြောင်းအလဲ အများကြီး ရှိမှာ မဟုတ်တဲ့အတွက် ထူးခြားတဲ့ ရလဒ်လည်း ထွက်မယ်လို့ မမြင်ပါဘူး” ဟု ၎င်းက ဆိုသည်။

အာဏာလု စစ်အုပ်စုသည် စက်တင်ဘာလ ၄ ရက်နေ့က ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းသည့် စာကို KIA ထံ ပေးပို့ထားကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရပြီး၊ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နော်ဘူထံ PSM (News) က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်သည်။

အာဏာလု စစ်အုပ်စုသည် MPC လူဟောင်းများဖြင့် အင်အားဖြည့်ကာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းနေသော်လည်း အခြားတစ်ဖက်တွင် ရခိုင်ပြည်နယ်ကို နေ့စဉ် ဗုံးကြဲခြင်း၊ ကချင်ပြည်နယ်သို့ ထိုးစစ်ဆင်ခြင်းများ ပြုလုပ်နေသည့်အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း MNDAA နှင့် အပြန်အလှန် စစ်ရေးစောင့်ကြည့်မှုများဖြင့် အခြေအနေ တင်းမာလျက်ရှိသည်။

ပုံစာ-MPC ဥက္ကဋ္ဌ ဝန်ကြီးဟောင်း ဦးအောင်မင်းနှင့်အဖွဲ့ဝင်များ

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed