PSM(NEWS) ဇွန် ၁၁၊ ၂၀၂၆ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေဖြင့် သဘောတူညီချက်တစ်ခု ရရှိရန်အတွက် အချိန်အလွန်ကြာမြင့်စွာ ညှိနှိုင်းနေခဲ့ပြီး ယခုအခါ “ပေးဆပ်ရလိမ့်မည်” ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့ တွင် ပြောကြားလိုက်သည်။ တစ်ဖက်တွင်လည်း အီရန်ဘက်က ညတွင်းချင်း ဖြစ်ပွားခဲ့သော တုံ့ပြန်တိုက်ခိုက်မှုများအပြီး ဝါရှင်တန်နှင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများကို ပြန်လည်သုံးသပ်သွားမည်ဟု ဆိုသည်။ အီရန်နိုင်ငံသည် ဟော်မုဇ်ရေလက်ကြားအနီးရှိ အီရန်ပစ်မှတ်များကို အမေရိကန်တို့က တိုက်ခိုက်ခဲ့ခြင်းကို တုံ့ပြန်သည့်အနေဖြင့် ဂျော်ဒန်၊ ကူဝိတ်နှင့် ဘာရိန်းရှိ အမေရိကန်စခန်းများကို ဒုံးကျည်များ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ သမ္မတ ဒေါ်နယ်ထရမ့်က အီရန်သည် အမေရိကန်၏ Apache ရဟတ်ယာဉ်တစ်စင်းကို ဟော်မုဇ်ရေလက်ကြားအနီးတွင် ပစ်ချခဲ့သည်ဟု ပြောကြားအပြီးတွင် ယခုကဲ့သို့ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဧပြီလက ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေးနောက်ပိုင်း အကြီးမားဆုံး တင်းမာမှုများထဲမှ တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ”အီရန်ဟာ စကားပဲပြောပြီး လက်တွေ့မလုပ်တဲ့နိုင်ငံပါ” ဟု ဒေါ်နယ်ထရမ့်က ဗုဒ္ဓဟူးနေ့တွင် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။ “သူတို့အတွက် အလွန်ကောင်းမွန်မယ့် သဘောတူညီချက်တစ်ခုရဖို့ အချိန်အလွန်ကြာအောင် ညှိနှိုင်းနေခဲ့တာ၊ အခုတော့ သူတို့ ပေးဆပ်ရလိမ့်မယ်’ ထို့အပြင် Fox Newsသတင်းဌာန၏ ဖုန်းအင်တာဗျူးတွင်လည်း အီရန်နိုင်ငံသည် သဘောတူညီချက်ရရှိရန် အချိန်ကြာနေသည့်အတွက် အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် တံတားများကို ထပ်မံတိုက်ခိုက်ရန် အမိန့်ပေးဖွယ်ရှိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က သီးခြားပြောဆိုခဲ့သည်။ အမေရိကန်စစ်တပ်၏ ထုတ်ပြန်ချက်အရ ၎င်းတို့၏ ရဟတ်ယာဉ်ကို ပစ်ချခဲ့သည့်အတွက် “အချိုးကျ တုံ့ပြန်မှု” အဖြစ် အီရန်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ မြေပြင်ထိန်းချုပ်ရေးစခန်းများနှင့် စောင့်ကြည့်ရေဒါစခန်းများကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ပစ်ချခံရသော ရဟတ်ယာဉ်မှ လေယာဉ်မှူးနှစ်ဦးကိုမူ ကယ်ဆယ်နိုင်ခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်နှင့် အစ္စရေး ပူးပေါင်းတိုက်ခိုက်မှုဖြင့် စတင်ခဲ့သော စစ်ပွဲကို အဆုံးသတ်ရန် ကြိုးပမ်းနေသည့် သဘောတူညီချက်များအတွက် ယခုဖြစ်ပွားနေသော တင်းမာမှုများက သံသယဖြစ်ဖွယ် အခြေအနေများကို ဖန်တီးလျက်ရှိသည်။ အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အက်စ်မေးလ် ဘာဂါအီက “မည်သည့် သံတမန်ရေးရာ လုပ်ငန်းစဉ်မဆို တည်ငြိမ်တဲ့ ပတ်ဝန်းကျင် အနည်းငယ် လိုအပ်ပါတယ်” ဟု ပြောကြားပြီး၊ အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ် ချိုးဖောက်နေခြင်းကြောင့် ဝါရှင်တန်နှင့် သံတမန်ရေးရာ ထိတွေ့ဆက်ဆံမှုများကို ပြန်လည်သုံးသပ်သွားမည်ဟု ဆိုသည်။ အမေရိကန်စစ်တပ်၏ အလယ်ပိုင်းစစ်ဌာနချုပ်၏ အဆိုအရ တိုက်ခိုက်မှုများကို လေးနာရီခန့်ကြာ ပြုလုပ်ခဲ့ပြီး အီရန်ပစ်မှတ်ပေါင်း ၂၀ နီးပါးကို ထိမှန်ခဲ့ကြောင်း သိရသည်။ ကိုးကား- CNA Post navigation ဂျိုဟိုးပြည်နယ်တွင် တိုက်ခန်း (၁၂) ထပ်မှ ကလေးနှစ်ဦး ပြုတ်ကျမှုဖြစ်ပွား၊ မိခင်ဖြစ်သူအား ရဲတပ်ဖွဲ့ ဖမ်းဆီး Qianfan ဂြိုဟ်တုကွန်ရက် မှတ်တိုင်သစ်တစ်ခုသို့ ရောက်ရှိသော်လည်း အရှိန်အဟုန်နှင့် ကုန်ကျစရိတ်အတွက် စိန်ခေါ်မှုများရှိနေ