PSM (News)

ဇူလိုင် ၂၇ ၊၂၀၂၆

တရုတ်နိုင်ငံတောင်ပိုင်း ဒေသအများအပြားတွင် လာမည့်နှစ်ရက်အတွင်း မိုးသည်းထန်စွာမှသည် မိုးကြီးမားစွာ ရွာသွန်းနိုင်ချေရှိကြောင်း တာဝန်ရှိသူများက သတိပေးလိုက်သည်။

နောင် တိုင်ဖွန်းမုန်တိုင်းသည် တရုတ်နိုင်ငံ ကွမ်တုန်းပြည်နယ်နှင့် အိမ်နီးချင်း ဟောင်ကောင်မြို့တို့အား ပြင်းထန်သောလေပြင်းများဖြင့် တိုက်ခတ်ပြီးနောက် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။

ယခုနှစ်အတွင်း အပြင်းထန်ဆုံးဖြစ်သည့် အဆိုပါတိုင်ဖွန်းမုန်တိုင်းကြောင့် ကွမ်တုန်းပြည်နယ်အတွင်း လူဦးရေ ၇၀၀,၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရပြီးနောက် တရုတ်အာဏာပိုင်များက ပြည်နယ်အချို့တွင် ရေကြီးရေလျှံမှုအတွက် အမြင့်ဆုံးအဆင့် သတိပေးချက်များ ထုတ်ပြန်ထားသည်။

တရုတ်နိုင်ငံ ရေရင်းမြစ်ဝန်ကြီးဌာနနှင့် အမျိုးသား မိုးလေဝသဌာနတို့ ပူးတွဲ၍ ရေကြီးရေလျှံမှုအတွက် အနီရောင်သတိပေးချက်ကို ထုတ်ပြန်ခဲ့သည်။ တနင်္ဂနွေနေ့ ညနေပိုင်းမှ တနင်္လာနေ့ ညနေပိုင်းအထိ ကျန်ရှီ ၊ ဟူနန် ၊ ကွမ်တုန်း ၊ ဆီချွမ် ၊ ရှန်ရှီ ၊ ကန်စု နှင့် ရှင်းကျန်းဒေသများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း ခန့်မှန်းထားသည်။

မုန်တိုင်းဒေသခံများအနေဖြင့် အချိန်နှင့်တပြေးညီ စောင့်ကြည့်မှုများ၊ ရေကြီးမှု သတိပေးချက်များနှင့် ဘေးအန္တရာယ် ကင်းဝေးရေး ရွှေ့ပြောင်းမှုများကို အထူးဂရုပြုကြရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။

ကိုရီးယားဘာသာဖြင့် “နေထွက်ချိန် သို့မဟုတ် နေဝင်ချိန်၏ အလင်းရောင်” ဟု အဓိပ္ပာယ်ရသည့် နောင် (Noul) မုန်တိုင်းသည် ယခုနှစ်၏ ၁၂ ခုမြောက် အပူပိုင်းမုန်းတိုင်းဖြစ်ပြီး ဇူလိုင်လအတွင်း တရုတ်နိုင်ငံသို့ ဝင်ရောက်သည့် တတိယမြောက် တိုင်ဖွန်းမုန်တိုင်းဖြစ်ကာ တနင်္ဂနွေနေ့ နံနက် ၃ နာရီ ၅၀ မိနစ်ခန့်က ဟွေတုံ ခရိုင် ကမ်းခြေဒေသသို့ စတင် ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်နယ်အရာရှိများက ပြောကြားခဲ့သည်။

မုန်တိုင်းသည် ကုန်းတွင်းပိုင်းသို့ ဆက်လက်ရွှေ့လျားစဉ် လေပြင်းတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်ခြင်းတို့ ဆက်လက်ဖြစ်ပေါ်နေမည်ဖြစ်ပြီး အချို့ဒေသများတွင် မိုးပိုမိုထန်ထန် ရွာသွန်းနိုင်ကြောင်း တရုတ်နိုင်ငံပိုင် CCTV ရုပ်သံဌာနက ဖော်ပြသည်။

ကိုးကား-Reuters

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *