PSM(NEWS) မတ် ၁၇ ၊၂၀၂၆ အမေရိကန်သမ္မတသည် ကွန်မြူနစ်အုပ်ချုပ်သည့် ကျူးဘားကျွန်းနိုင်ငံအပေါ် ပြင်းထန်သော စကားလုံးများဖြင့် ဖိအားပေးမှုများ တိုးမြှင့်လာသည်။ တစ်ဖက်တွင်လည်း အမေရိကန်နှင့် ကျူးဘားတို့အကြား အငြင်းပွားမှုများကို ဖြေရှင်းရန် ဆွေးနွေးပွဲများ စတင်နေသည်။ အမေရိကန်၏ ရေနံပိတ်ဆို့မှုဒဏ်ကြောင့် ကျူးဘား၏ လျှပ်စစ်ဓာတ်အားပေးစနစ်တစ်ခုလုံး ပြိုလဲသွားခဲ့သည်။ ကျူးဘားသမ္မတ ရာထူးမှဆင်းပေးရန် အမေရိကန်က ပြောကြားထားကြောင်း New York Times က ဖော်ပြသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် တနင်္လာနေ့တွင် ကျူးဘားနိုင်ငံအပေါ် ပြောဆိုမှုများကို ပိုမိုပြင်းထန်လာစေခဲ့ပြီး ကျူးဘားအား နည်းလမ်းတစ်မျိုးမျိုးဖြင့် “သိမ်းပိုက်ရယူခြင်း” ကို ဂုဏ်ယူစွာ ဆောင်ရွက်လိုကြောင်းနှင့် အိမ်နီးချင်းနိုင်ငံအပေါ် “မိမိအလိုရှိရာကို လုပ်ပိုင်ခွင့်ရှိသည်” ဟု ပြောကြားခဲ့သည်။ ဖီဒယ်လ်ကက်စထရိုက အမေရိကန်၏ မဟာမိတ်အစိုးရကို ဖြုတ်ချခဲ့သည့် လွန်ခဲ့သော ၆၇ နှစ်အတွင်း နှစ်နိုင်ငံဆက်ဆံရေး အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိနေချိန်တွင် ယခုကဲ့သို့ ခြိမ်းခြောက်သည့် ပြောဆိုမှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ တစ်ဖက်တွင်လည်း နှစ်နိုင်ငံအကြား ဆိုးရွားနေသော ဆက်ဆံရေးကို မြှင့်တင်ရန် ဆွေးနွေးပွဲများ စတင်နေပြီ ဖြစ်သည်။ ဗင်နီဇွဲလားသမ္မတဟောင်း နီကိုးလက်စ်မာဒူရိုအား ဖမ်းဆီးပြီးနောက် အမေရိကန်က ချမှတ်ထားသော ရေနံပိတ်ဆို့မှုများကြောင့် ကျူးဘားနိုင်ငံတွင် မကြုံစဖူး စီးပွားရေးအကျပ်အတည်းနှင့် ရင်ဆိုင်နေရချိန်တွင် ထရမ့်က “ကျွန်တော် ကျူးဘားကို သိမ်းပိုက်ရယူရမယ့် ဂုဏ်ထူးဆောင် အခွင့်အရေးကို ရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါဟာ ကြီးမားတဲ့ ဂုဏ်ယူမှုတစ်ခုပါပဲ။ ကျူးဘားကို နည်းလမ်းတစ်မျိုးမျိုးနဲ့ သိမ်းပိုက်မှာပါ” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ အိမ်ဖြူတော်တွင် ပြုလုပ်သည့် လက်မှတ်ရေးထိုးပွဲ အခမ်းအနားတစ်ခု၌ ထရမ့်က “ကျွန်တော် ကျူးဘားကို လွတ်လပ်ခွင့်ပေးမလား ဒါမှမဟုတ် သိမ်းပိုက်မလားဆိုတာ ကျွန်တော် အလိုရှိရာကို လုပ်နိုင်တယ်လို့ ထင်ပါတယ်။ ဒါဟာ အမှန်တရားပါပဲ” ဟု ဆက်လက်ပြောဆိုသည်။ ထရမ့်၏ ပြောကြားချက်များ ထွက်ပေါ်လာပြီးနောက် နှစ်နိုင်ငံဆွေးနွေးပွဲများတွင် ကျူးဘားသမ္မတ မီဂေးလ်ဒိုင်ယက်ဇ်ကန်နယ် အား ရာထူးမှဖယ်ရှားရေးမှာ အမေရိကန်၏ အဓိကရည်မှန်းချက်ဖြစ်ကြောင်း New York Times သတင်းစာက ဖော်ပြခဲ့သည်။ အမေရိကန်ဘက်က ဆွေးနွေးသူများသည် ဒိုင်ယက်ဇ်ကန်နယ် ရာထူးမှ ဆင်းပေးရမည်ဟု ကျူးဘားဘက်ကို အချက်ပြထားသော်လည်း နောက်ထပ်လုပ်ဆောင်ရမည့် အဆင့်များကို ကျူးဘားပြည်သူများ၏ ဆုံးဖြတ်ချက်အဖြစ် ချန်လှပ်ထားကြောင်း သိရသည်။ ကျူးဘားအစိုးရကမူ ၎င်းတို့၏ ပြည်တွင်းရေးတွင် မည်သည့်ဝင်ရောက်စွက်ဖက်မှုကိုမဆို လက်ခံမည်မဟုတ်ကြောင်းနှင့် ယင်းကဲ့သို့သော အဆိုပြုချက်များသည် မည်သည့်သဘောတူညီချက်ကိုမဆို ပျက်ပြားစေနိုင်ကြောင်း အစဉ်တစိုက် တုံ့ပြန်လေ့ရှိသည်။ သက်တမ်း ၆၅ နှစ်ရှိပြီဖြစ်သော သမ္မတ ဒိုင်ယက်ဇ်ကန်နယ်သည် ၂၀၁၈ ခုနှစ်တွင် ကွယ်လွန်သူ ဖီဒယ်လ်ကက်စထရိုနှင့် ၎င်း၏ညီဖြစ်သူ ရာအူးလ်ကက်စထရိုတို့၏နေရာ၌ ဆက်ခံခဲ့သူဖြစ်သည်။ ၎င်းက အမေရိကန်နှင့် ဆွေးနွေးပွဲများကို “နိုင်ငံနှစ်ခုလုံး၏ နိုင်ငံရေးစနစ်အား လေးစားလိုက်နာမှု၊ တန်းတူညီမျှမှု၊ အချုပ်အခြာအာဏာနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်” စသည့် အခြေခံမူများအောက်တွင် ဆောင်ရွက်ရန် မျှော်လင့်ကြောင်း သောကြာနေ့က ပြောကြားထားသည်။ သို့သော် ထရမ့်သည် ဗင်နီဇွဲလားအစိုးရကို ဖြုတ်ချပြီး အစ္စရေးနှင့် ပူးပေါင်းကာ အီရန်ကို တိုက်ခိုက်ပြီးနောက် ကျူးဘားမှာ “နောက်ထပ်ပစ်မှတ်” ဖြစ်လာနိုင်ကြောင်း ပွင့်ပွင့်လင်းလင်း အရိပ်အမြွက် ပြောကြားလာခဲ့သည်။ ၎င်းသည် ဗင်နီဇွဲလားမှ ကျူးဘားသို့ ရေနံတင်ပို့မှုအားလုံးကို ရပ်တန့်စေခြင်းနှင့် ကျူးဘားသို့ ရေနံရောင်းချသည့် မည်သည့်နိုင်ငံကိုမဆို အခွန်တိုးမြှင့်ကောက်ခံမည်ဟု ခြိမ်းခြောက်ခြင်းဖြင့် ဖိအားများကို မြှင့်တင်ခဲ့သည်။ ယင်းကြောင့် ကျူးဘားနိုင်ငံသည် လွန်ခဲ့သော ၃ လအတွင်း ရေနံတင်သွင်းမှု လုံးဝမရရှိတော့ဘဲ ပြင်းထန်သော စွမ်းအင်ချွေတာမှုများကို ပြုလုပ်ခဲ့ရသဖြင့် လျှပ်စစ်မီးများ အချိန်ကြာမြင့်စွာ ပြတ်တောက်ခဲ့သည်။ တနင်္လာနေ့တွင် ကျူးဘား၏ လျှပ်စစ်ကွန်ရက်တစ်ခုလုံး ပြိုလဲသွားခဲ့ရာ လူဦးရေ ၁၀ သန်းရှိသော တစ်နိုင်ငံလုံး လျှပ်စစ်မီး ပြတ်တောက်နေခဲ့ရသည်။ တနင်္ဂနွေနေ့က Air Force One လေယာဉ်ပေါ်တွင် ထရမ့်က “ကျွန်တော်တို့ ကျူးဘားနဲ့ ဆွေးနွေးနေပါတယ်၊ ဒါပေမဲ့ ကျူးဘားထက် အီရန်အရေးကို အရင်လုပ်ဆောင်သွားမှာပါ” ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ ဆယ်စုနှစ်များစွာကတည်းက အမေရိကန်သမ္မတများသည် ကျူးဘားကွန်မြူနစ်အစိုးရကို ဆန့်ကျင်ပြီး လူ့အခွင့်အရေးဆိုင်ရာများကို ဝေဖန်ခဲ့ကြသော်လည်း၊ ၁၉၆၂ ကျူးဘားဒုံးပျံအကျပ်အတည်းကို ဖြေရှင်းရန် ဆိုဗီယက်ယူနီယံနှင့် သဘောတူညီချက်အရ ကျူးဘားကို ကျူးကျော်တိုက်ခိုက်ခြင်း သို့မဟုတ် ကျူးကျော်မှုကို အားပေးကူညီခြင်း မပြုရန် ကတိကဝတ်ကို ဝါရှင်တန်က ယနေ့တိုင် လိုက်နာစောင့်ထိန်းခဲ့သည်။ အမေရိကန် အဖြူတော်အစိုးရအနေဖြင့် ကျူးဘားနိုင်ငံအတွင်း ဝင်ရောက်စွက်ဖက်မည့် ကိစ္စနှင့်ပတ်သက်၍ မည်သည့်ဥပဒေကြောင်းအရ အခြေခံမည်ဆိုသည်ကို အသေးစိတ် ထုတ်ပြန်ခြင်း မရှိသေးပေ။ ကျူးဘားအစိုးရဘက်ကလည်း ယခုကိစ္စနှင့်ပတ်သက်၍ မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခြင်း မရှိသေးကြောင်း သိရသည်။ ကိုးကား Reuters #ရေနံပိတ်ဆို့မှုဒဏ် #ကွန်မြူနစ် #ထရမ့် #ကျူးဘား #PSM_News Post navigation မက္ကဆီကိုစီးတီးတွင် ကမ္ဘာ့အကြီးဆုံး ဘောလုံးသင်တန်းအတွက်ဂင်းနစ်စံချိန်သစ်တင်