PSM(NEWS) မတ် ၁၇ ၊ ၂၀၂၆ လာမည့်ဇွန်လတွင် ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ၏ ဖွင့်ပွဲစဉ်ကို လက်ခံကျင်းပရန် ပြင်ဆင်နေသည့် မက္ကဆီကိုနိုင်ငံ၊ မက္ကဆီကိုစီးတီးမြို့၏ ဇိုကာလိုရင်ပြင်တွင် တနင်္ဂနွေနေ့က လူပေါင်း ၉,၅၀၀ တက်ရောက်ခဲ့ပြီး ကမ္ဘာ့အကြီးဆုံး ဘောလုံးသင်တန်းအဖြစ် ဂင်းနစ်စံချိန်သစ် တင်နိုင်ခဲ့သည်။ မြို့တော်၏ အဓိကရင်ပြင်သည် လူအများအပြား ဘောလုံးလေ့ကျင့်ခန်းများ ပြုလုပ်နိုင်သည့် ပြင်ပလေ့ကျင့်ရေးကွင်းကြီးအဖြစ် ပြောင်းလဲသွားခဲ့ပြီး သင်တန်းဆရာများ၏ လမ်းညွှန်မှုဖြင့် သင်တန်းသားများသည် ဘောလုံးလေ့ကျင့်မှုများကို ပူးပေါင်းပါဝင် ပြုလုပ်ခဲ့ကြသည်။ ဂင်းနစ်ကမ္ဘာ့စံချိန်တင်ရေး အဖွဲ့မှ အယ်လ်ဖရက်ဒို အရစ္စတာ ရူအီဒါ က အခမ်းအနားတွင် အဆိုပါစံချိန်ကို တရားဝင် အတည်ပြုပေးခဲ့သည်။ “သင်တို့ဟာ တကယ်ကို အံ့အားသင့်ဖို့ကောင်းပါတယ်။ တရားဝင် အံ့အားသင့်ဖို့ကောင်းပါတယ်! ဂုဏ်ယူပါတယ်!” ဟု ၎င်းက ကြေညာခဲ့ပြီး ပရိသတ်များမှာ ဝမ်းမြောက်စွာဖြင့် အော်ဟစ်အားပေးခဲ့ကြသည်။ ယခင်က ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ဆီယက်တဲလ် မြို့၌ ပြုလုပ်ခဲ့သည့် ဘောလုံးသင်တန်းတွင် လူပေါင်း ၁,၀၃၈ ဦးသာ တက်ရောက်ခဲ့ပြီး ယခုအကြိမ်တွင် စံချိန်သစ် တင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း စီစဉ်သူများက ပြောသည်။ အဆိုပါ စံချိန်တင်သင်တန်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အရှိန်အဟုန် မြှင့်တင်ပေးရာ ရောက်ကြောင်း တက်ရောက်လာသည့် ဘောလုံးဝါသနာရှင်များက ဆိုသည်။ “အက်ဇ်တက်ကာ အားကစားကွင်း ဟာ ပီလီ နဲ့ မာရာဒိုနာတို့လို ကစားသမားတွေကို လက်ခံခဲ့ဖူးတဲ့ နေရာဖြစ်ပါတယ်။ ဒီမှာ ကမ္ဘာ့ဖလား ကျင်းပတာဟာ မှော်ဆန်တဲ့ ခံစားချက်မျိုးပါပဲ” ဟု ဘောလုံးနည်းပြ မာရီယို အဲလ်ဘာတို အယ်လ်ဗာရက်ဇ် အာကော့စတာက ပြောကြားသည်။ မက္ကဆီကိုနိုင်ငံသည် ၁၉၇၀ နှင့် ၁၉၈၆ ခုနှစ်များတွင်လည်း ကမ္ဘာ့ဖလားကို လက်ခံကျင်းပခဲ့ဖူးပြီး ဘရာဇီးနှင့် အာဂျင်တီးနားတို့က ချန်ပီယံဆုကို ဆွတ်ခူးခဲ့ကြသည်။ သင်တန်းတွင် ပါဝင်ခဲ့သည့် အိမ်ရှင်မ ဆန်ဒရာ လိုပက်ဇ် ဖီဂူရိုအာ က “ကျွန်မ ပျော်ပါတယ်။ ကျွန်မ လုပ်နိုင်လိမ့်မယ်လို့တောင် မထင်ထားတဲ့ အရာတွေကို ဒီမှာ လုပ်ဆောင်နိုင်ခဲ့ပါတယ်” ဟု ပြောပြခဲ့သည်။ ကိုးကား AP #မက္ကဆီကိုစီးတီး #ကမ္ဘာ့အကြီးဆုံး #ဘောလုံးသင်တန်း #ဂင်းနစ်စံချိန်သစ်တင် #PSM_News Post navigation ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ – ဟော်မတ်ဇ်ရေလက်ကြားအား ပြန်လည်ဖွင့်လှစ်ရေးအတွက် မဟာမိတ်များနှင့် ပူးပေါင်းဆောင်ရွက်နေ ကျူးဘားအရေးနှင့်ပတ်သက်၍ မိမိအလိုရှိရာ လုပ်ဆောင်နိုင်သည်ဟု ထရမ့်ပြောကြား