PSM (News)

စက်တင်ဘာ ၁၁ ၊ ၂၀၂၆

မန္တလေးတိုင်းအတွင်းရှိ စစ်အုပ်စု၏ တံတားဦး လေတပ်စခန်းကို FPV အသေခံဒရုန်းများဖြင့် စစ်ရေးပစ်မှတ် သီးသန့်ထား၍ တိုက်ခိုက်ခဲ့စဉ် စစ်အုပ်စု တပ်ဖွဲ့ဝင်များ စုဝေးနေသည့်နေရာကိုပါ တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့သည့် ရုပ်သံမှတ်တမ်းအသစ် ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ထပ်မံ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ ရုပ်သံမှတ်တမ်းတွင် တော်လှန်ရေး တပ်ဖွဲ့များ၏ FPV ဒရုန်းသည် တံတားဦး လေတပ်စခန်းအတွင်းရှိ တိုက်လေယာဉ်ရုံများကို ကျော်လွန်၍ စစ်အုပ်စု တပ်ဖွဲ့ဝင်များ စုဝေးနေသည့်နေရာသို့ တန်းတန်းမတ်မတ် ဝင်ရောက် ပေါက်ကွဲခဲ့သည်ကို တွေ့ရှိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဘက်မှ အထိအခိုက် သေဆုံးမှုများ ရှိနိုင်ကြောင်း စစ်ရေး သတင်းရင်းမြစ်များက ဆိုသည်။

စက်တင်ဘာ ၁၀ ရက် မွန်းလွဲ ၂ နာရီကျော်က စစ်အုပ်စု၏ စစ်ရေးပစ်မှတ်ဖြစ်သည့် လေတပ်စခန်းကို FPV ဒရုန်း ၁၀ စီးဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ စစ်အုပ်စု၏ တိုက်ခိုက်ရေး လေယာဉ် နှစ်စီး ထိခိုက်ပျက်စီးသွားကြောင်း PDF စစ်ရေး အရင်းအမြစ်က PSM သို့ အတည်ပြုထားသည်။

တော်လှန်ရေးတပ်ဖွဲ့များက စစ်အုပ်စု၏ လေတပ်စခန်းကိုသာ သီးသန့် ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းဖြစ်သော်လည်း စစ်အုပ်စုသည် ကပ်လျက်ရှိ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ လေကြောင်းခရီးစဉ်များကိုပါ တမင်တကာ ယာယီ ရပ်ဆိုင်းလိုက်သည်။

ထို့ကြောင့် MAI လေကြောင်းလိုင်း၏ နိုင်ငံတကာ ခရီးစဉ်များအားလုံးကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းထားရပြီး ပြည်တွင်း ခရီးစဉ်များကိုမူ ပြင်ဦးလွင်ရှိ အနီးစခန်း လေဆိပ်မှတစ်ဆင့် ပြောင်းလဲ ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed