မောင်မောင်ကဲ/PSM (News) မတ် ၁၇၊ ၂၀၂၆ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နှင့် ပြည်သူ့ဆန္ဒကို မျက်ကွယ်ပြုကာ အာဏာသိမ်းခဲ့သည့် စစ်အုပ်စုသည် ၎င်းတို့၏ တရားမဝင် ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် လွှတ်တော်အတုကို ယမန်နေ့ မတ် ၁၆ ရက်နေ့က နေပြည်တော်တွင် စတင်ကျင်းပခဲ့သည်။ အဆိုပါ လွှတ်တော်အတုတွင် စစ်အုပ်စု၏ လက်ဝေခံ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီအား ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဝါဒဖြန့်ချိရေးဝန်ကြီး ဦးမောင်မောင်အုန်းအား ဒုတိယဥက္ကဋ္ဌအဖြစ် လည်း ကောင်း ရွေးချယ်ခဲ့ကြသည်။ စစ်အုပ်စုသည် ပြည်သူတစ်ရပ်လုံး မဲပေးရွေးချယ်ခဲ့သည့် ၂၀၂၀ ခုနှစ် တတိယအကြိမ် လွှတ်တော်အား အဓမ္မဖျက်သိမ်းကာ အာဏာသိမ်းခဲ့ပြီး ယခုကျင်းပသည့် ရွေးတုလွှတ်တော်ကို “တတိယအကြိမ်” ဟု အမည်တပ်သုံးနှုန်း၍ သမိုင်းကို လိမ်လည်ခဲ့သည်။ လွှတ်တော်ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံရသူ ဦးခင်ရီမှာ ၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် သံဃာနှင့် ပြည်သူများကို ရက်ရက်စက်စက် နှိမ်နင်းခဲ့သည့် “စွမ်းအားရှင်” အဖွဲ့ကို မြေတောင်မြှောက်ပေးခဲ့သည့် ရဲချုပ်ဟောင်းတစ်ဦး ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဦးခင်ရီကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။ ထို့နောက် ရာထူးမှအနားယူကာ စစ်အုပ်စုအာဏာတည်မြဲရေးအတွက် ကြံ့ခိုင်ရေးပါတီတွင် ဥက္ကဋ္ဌ ရာထူးရယူ၍ ပါတီကို အသုံးချခဲ့သူ ဖြစ်သည်။ ဒုတိယဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရသူ စစ်ကော်မရှင် ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းမှာမူ စစ်အုပ်စု၏ လူသတ်မှုနှင့် မတရားမှုများကို “နိုင်ငံတော်တည်ငြိမ်ရေး” ဟူသော ခေါင်းစဉ်အောက်တွင် ဖုံးကွယ်ပေးခဲ့သည့် အဓိက ဝါဒဖြန့်ချိရေးတာဝန်ခံ ဗိုလ်ချုပ်ဟောင်းတစ်ဦး ဖြစ်သည်။ ဦးမောင်မောင်အုန်းသည် စစ်အုပ်စု၏ ပြန်ကြားရေးဝန်ကြီးဘဝဖြင့် အနုပညာရှင်များကို အသုံးချကာ တိုင်းပြည်သာယာနေသယောင် ပုံဖျက်သည့်လုပ်ငန်းများကို လုပ်ဆောင်ခဲ့သူလည်း ဖြစ်သည်။ ထို့အပြင် လွှတ်တော်သဘာပတိအဖြစ် ဆောင်ရွက်သူ ဒေါက်တာနန္ဒကျော်စွာမှာ တော်လှန်ရေး ကောင်စီဝင်ဟောင်း ဗိုလ်ချုပ်တင်ဖေ၏သားဖြစ်ပြီး စစ်အုပ်စုအတွက် အကာအကွယ်ပေးမည့် ဥပဒေများကို ကျွမ်းကျင်စွာ ကိုင်တွယ်ပေးနေသည့် အခွင့်ထူးခံ လူတန်းစားတစ်ဦး ဖြစ်သည်။ စစ်အုပ်စုသည် ၎င်းတို့၏ စိတ်ကြိုက်ကိုယ်စားလှယ် ၃၇၃ ဦးဖြင့် လွှတ်တော်ကို အထမြောက်ကြောင်း ကြေညာခဲ့သော်လည်း ပြည်တွင်းပြည်ပအဖွဲ့အစည်းများနှင့် တော်လှန်ရေးအင်အားစုများကမူ စစ်အုပ်စု ၏ လွှတ်တော်အတုနှင့် ရွေးကောက်ပွဲရလဒ်များကို လုံးဝအသိအမှတ်မပြုကြောင်း ထုတ်ပြန် ထားသည်။ ဓာတ်ပုံ-စစ်ကော်မရှင် #ရွေးတုလွှတ်တော် #တရားမဝင်စစ်အုပ်စု #ဦးခင်ရီ #မောင်မောင်အုန်း #PSM_News Post navigation ပခုက္ကူအနောက်ခြမ်းတွင် စစ်ကော်မရှင်စစ်ကြောင်း တိုက်ခိုက်ခံရ၊ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်း များ သိမ်းဆည်းရမိ သရက်ချောင်းရှိ သရက်နှစ်ခွဂိတ်စခန်းကို ဒရုန်းဖြင့် ဗုံးအလုံး ၁၀၀ ကျော်ချ၍ တိုက်ခိုက်