PSM (News) စက်တင်ဘာ ၁၄၊ ၂၀၂၆ ပိုလန်နိုင်ငံ နယ်စပ်နှင့် ၂ ကီလိုမီတာအကွာအဝေးတွင် တည်ရှိသော ယဟိုဒင် နယ်စပ်ဖြတ်ကျော်စခန်းအနီး၌ စက်တင်ဘာလ ၁၃ ရက်နေ့တွင်ရုရှားက ဒရုန်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။အဆိုပါတိုက်ခိုက်မှုကြောင့် ယူကရိန်းနိုင်ငံပိုင် ခရီးသည်တင်ရထားတစ်စင်းထိမှန်ပျက်စီးခဲ့ကြောင်း သိရသည်။ တိုက်ခိုက်မှုနှင့် ပတ်သက်၍ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒရီ ဆီဘီဟာက ရုရှားသမ္မတ ဗလာဒီမာ ပူတင်၏ လုပ်ရပ်သည် ဥရောပသမဂ္ဂ (EU) နှင့် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) တို့၏ တံခါးဝသို့ အကြမ်းဖက်မှုများ ရောက်ရှိလာခြင်းဖြစ်ကြောင်း လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြင်းပြင်းထန်ထန် သတိပေးထုတ်ပြန်ခဲ့သည်။ တိုက်ခိုက်ခံရသည့် ရထားစက်ခေါင်းသည် ယူကရိန်းဘက်မှ အချိန်မီ ကြိုတင်သတိပေးချက်များရရှိခဲ့သဖြင့် ခရီးသည်များကို ဘေးလွတ်ရာသို့ အစောပိုင်းကတည်းက ရွှေ့ပြောင်းနိုင်ခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ယူကရိန်းမီးရထားကုမ္ပဏီက အတည်ပြုပြောကြားထားသည်။ ယခုကဲ့သို့ ရထားလမ်းများနှင့် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများမှာ ရုရှားနိုင်ငံဘက်မှလအတန်ကြာအတွင်းအများဆုံး ဒရုန်းအစင်းရေ ၄၅၀ ကျော်ဖြင့် အစုလိုက်အပြုံလိုက် ထိုးစစ်ဆင်ခဲ့သည့် အချိန်နှင့် တိုက်ဆိုင်နေကြောင်း သိရသည်။ သို့ဖြစ်ရာ နိုင်ငံတကာ မိတ်ဖက်အသိုက်အဝန်းအနေဖြင့် ရုရှားအစိုးရအပေါ် စစ်ရေး၊ စီးပွားရေးဆိုင်ရာ အပြည့်အဝ ပိတ်ဆို့မှုများနှင့် ကုန်သွယ်ရေးပိတ်ဆို့မှုများကို ပြတ်ပြတ်သားသား တန်ပြန်ဆောင်ရွက်ကြရန် ယူကရိန်းအစိုးရက တိုက်တွန်းတောင်းဆိုထားသည်။ ကိုးကား-The Indepedent Post navigation တရုတ်နိုင်ငံ၏ FAST ရေဒီယို တယ်လီစကုပ်ဖြင့် ကြယ်နှင့် ဂလက်ဆီများ ဖြစ်တည်မှုကို ဖော်ထုတ်နိုင်မည့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့များကို စံချိန်တင် စာရင်းပြုစုနိုင်ခဲ့ ဆော်ဒီရေနံပိုက်လိုင်း ပိတ်ဆို့မှုကြောင့် ကမ္ဘာ့ရေနံထောက်ပံ့မှု ၄ ရာခိုင်နှုန်း ဆုံးရှုံးနိုင်ခြေရှိ