PSM(News) စက်တင်ဘာ ၁၁ ၊ ၂၀၂၆ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် အာဏာလု စစ်အုပ်စု စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဗုံးသီးများဖြင့် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးသူ များပြားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တနင်္သာရီတိုင်းစစ်ဌာန၊ ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း၊ သံမဏိလိပ်ပြာတပ်ခွဲက ထုတ်ပြန်သည်။ လောင်းလုံးမြို့မှ ပြင်းထိန်ကျေးရွာဘက်သို့ အင်အား ၁၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် အာဏာလု စစ်ကြောင်းကို စက်တင်ဘာ ၈ ရက်နေ့တွင် ဒရုန်းဗုံးသီး ၉ လုံးဖြင့် ၃ ကြိမ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ စစ်ကြောင်းသည် စက်တင်ဘာ ၉ ရက်နံနက်ပိုင်းတွင် ဝေဒီကျေးရွာဘက်သို့ ဆက်လက် ထိုးဆင်းလာစဉ် နံနက် ၃ နာရီ ၄၅ မိနစ်ခန့်တွင် ၁၅ မိနစ်ခန့် အပြန်အလှန် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဝေဒီရွာသို့ ရောက်ရှိလာသည့် အဆိုပါ စစ်ကြောင်းအား ဒရုန်းဗုံးသီး ၂၇ လုံးဖြင့် ၉ ကြိမ်တိုင်တိုင် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့ပြင် စက်တင်ဘာလ ၁၀ ရက် နံနက် ၄ နာရီ၃၀ မိနစ်ခန့်တွင်လည်း ဝေဒီကျေးရွာမှ ဝဗျောကျေးရွာ ဘက်သို့ ထွက်ခွာလာသည့် စစ်ကြောင်းနှင့် ၅ မိနစ်ခန့် ဆက်လက် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက် ခိုက်မှုများအတွင်း အာဏာလု စစ်အုပ်စုဘက်မှ ဒုဗိုလ်မှူးကြီး ကျော်ဖြိုးအောင် အပါအဝင် ထိခိုက်သေဆုံးသူ အများအပြား ရှိခဲ့ပြီး မိမိတို့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှ ရဲဘော် နှစ် ဦး မစိုးရိမ်ရ ဒဏ်ရာအသေးစား ရရှိကာ ဘေးကင်းစွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုများကို ထားဝယ်ခရိုင် အမှတ် (၁) တပ်ရင်း၊ သံမဏိလိပ်ပြာတပ်ခွဲ (SBF)၊ အထူးပြောက် ကျားတပ်ဖွဲ့ (SGF) နှင့် ကျောင်းသားတော်လှန်ရေးတပ် (SRF) တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လက်ရှိတွင် အာဏာလု စစ်အုပ်စုသည် နယ်မြေအတွင်း အချိန်မရွေး ထပ်မံစစ်ကြောင်းထိုးနိုင်သဖြင့် ဒေသခံ မိဘပြည်သူများအနေဖြင့် အသွားအလာနှင့် နေထိုင်မှုများကို အထူးသတိပြုကြရန်လည်း တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်း သတိပေးထားသည်။ ဓာတ်ပုံ-သံမဏိလိပ်ပြာတပ်ခွဲ (SBF) Post navigation တောင်တရုတ်ပင်လယ်တွင် အပူပိုင်းမုန်တိုင်း ဖြစ်ပေါ်လာနိုင်ပြီး ဒေသအချို့၌ တောင်ကျချောင်းရေနှင့် မြေပြိုမှုအန္တရာယ် သတိပြုရန်လို တံတားဦး စစ်ဘက်သုံး လေတပ်စခန်းကို ဒရုန်းဖြင့် ဝင်ရောက်တိုက်ခိုက်၊ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် ၅ ဦး သေဆုံးကြောင်း NUG ထုတ်ပြန်