PSM (News)

စက်တင်ဘာ ၁၁၊ ၂၀၂၆

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်ရှိ အာဏာလု စစ်အုပ်စု၏ စစ်ဘက်သုံး တံတားဦး လေတပ်စခန်းဌာနချုပ်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) က ဒရုန်းစစ်ဆင်ရေး ဖော်ဆောင်ကာ အောင်မြင်စွာ တိုက်ခိုက်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ တံတားဦး လေတပ်စခန်းသည် ပြည်သူလူထုအပေါ် လေကြောင်းမှတစ်ဆင့် ဗုံးကြဲတိုက်ခိုက်မှုများကို အဓိက ကျူးလွန်နေသည့် ပင်မ စစ်ဘက်သုံး လေတပ်စခန်းတစ်ခုဖြစ်ပြီး ယမန်နေ့ စက်တင်ဘာ ၁၀ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က စစ်ဆင်ရေး ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်ဆင်ရေးအတွင်း ဒရုန်းတပ်ဖွဲ့များသည် အာဏာလု စစ်အုပ်စု၏ YAK-130 တိုက်လေယာဉ်များ ရပ်နားထားသည့် နေရာများသို့ တိကျစွာ ချဉ်းကပ်တိုက်ခိုက်နိုင်ခဲ့သည့်အပြင် မြေပြင် ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စု၏ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ (လစခ-၇) မှ ဗိုလ်မှူးကြီး မျိုးလှိုင်ဦး အပါအဝင် စစ်ကြောင်း အဖွဲ့ဝင် ငါး ဦးကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆင်ရေးအတွင်း တော်လှန်ရေးရဲဘော် သုံး ဦး တိုင်းပြည်အတွက် မြင့်မြတ်စွာ အသက်ပေးလှူ ကျဆုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခု စစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြင်းခြံခရိုင်စစ်ဌာနက ဦးဆောင်၍ မြင်းခြံခရိုင် အမှတ် (၄) နှင့် (၁၀) တပ်ရင်းများ၊ မြင်းခြံခရိုင် ဒရုန်းတပ်ဖွဲ့၊ မန္တလေးခရိုင် အမှတ် (၃) တပ်ရင်း၊ ကျောက်ဆည်ခရိုင် အမှတ် (၂) နှင့် (၄) တပ်ရင်းများ၊ တံတားဦး၊ စဉ့်ကိုင်၊ ငါန်းဇွန်မြို့နယ် ပကဖ များ၊ STF နှင့် ရွှေဘိုခရိုင်စစ်ဌာန အမှတ် (၁)၊ (၂) တို့မှ ပူးပေါင်းအင်အားများဖြင့် ဟန်ချက်ညီညီ ဖော်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အာဏာလု စစ်အုပ်စုသည် ၎င်းတို့၏ အဓိက စစ်ဘက်သုံး လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုနှင့် ထိခိုက်ဆုံးရှုံးမှုများကို ဝန်ခံခြင်းမရှိဘဲ လေတပ်စခန်းနှင့် မျက်နှာချင်းဆိုင်တွင် တည်ရှိသော မန္တလေးအပြည်ပြည်ဆိုင်ရာ အရပ်ဘက်လေဆိပ် တိုက်ခိုက်ခံရသယောင် လှည့်စားဝါဒဖြန့်လျက်ရှိကြောင်း NUG က ထောက်ပြထားသည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေးအတွက် စစ်ရေးမဟာဗျူဟာနှင့်အညီ လေတပ်စခန်းဌာနချုပ်များ အပါအဝင် အာဏာလု စစ်အုပ်စု၏ အဓိက စစ်ဘက်ဗဟိုချက်မများကို အရှိန်အဟုန်မြှင့် ဆက်လက်ထိုးစစ်ဆင် ချေမှုန်းသွားမည်ဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *

You missed