PSM (News)

မတ် ၁၇၊ ၂၀၂၆

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့အကြား ဖြစ်ပွားခဲ့သည့် ပြဿနာကို ငြိမ်းချမ်းစွာဖြေရှင်းရန် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးနေမှုကို အထူးဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ မတ်လ ၁၇ ရက်တွင် ထုတ်ပြန်ပြောဆိုခဲ့သည်။

နှစ်ဖက်အဖွဲ့အစည်းများအကြား ထိပ်တိုက်ရင်ဆိုင်မှုများ ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့ တွေ့ဆုံ ညှိနှိုင်းမှုများ စတင်လာခြင်းအပေါ် ယာယီသမ္မတက ဆုမွန်ကောင်းတောင်းခဲ့ပြီး တော်လှန်ရေး အဖွဲ့အစည်း ခေါင်းဆောင်များအနေဖြင့် တော်လှန်ရေးမျက်နှာကို ရှေးရှုကာ အကျိုးမထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှုကို ဆောင်ရွက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်းလည်း ဖော်ပြထားသည်။

“တော်လှန်ရေးအဖွဲ့အစည်းများ၏ ခေါင်းဆောင်များ ဖြစ်သည့်အားလျော်စွာ တော်လှန်ရေးမျက်နှာကို ရှေးရှုလျက် တော်လှန်ရေးအကျိုး မထိခိုက်စေသော ညှိနှိုင်းဖြေရှင်းမှုကို ဆောင်ရွက်နိုင်ကြလိမ့်မည်ဟု ယုံကြည်ပါသည်” ဟု ယာယီသမ္မတ ဒူဝါလရှီးလ၏ မေတ္တာရပ်ခံတိုက်တွန်းချက်တွင် ပါရှိသည်။

MNDAA နှင့် TNLA ထိပ်ပိုင်းခေါင်းဆောင်များသည် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ညီနောင် မဟာမိတ်နှစ်ဖွဲ့အကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ ရပ်တန့်ရေးအတွက် ယနေ့ မတ်လ ၁၇ ရက် နံနက်ပိုင်းက လောက်ကိုင်မြို့တွင် တွေ့ဆုံဆွေးနွေးလျက်ရှိသည်။

လက်ရှိတွင် မြောက်ပိုင်းမဟာမိတ်နှစ်ဖွဲ့ကြားမှ တင်းမာမှုများကို ငြိမ်းချမ်းစွာဖြေရှင်းနိုင်ရေးအတွက် ဆွေး နွေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

#NUG

#ဒူဝါလရှီးလ

#MNDAA

#TNLA

#တွေ့ဆုံဆွေးနွေးရေး

#တော်လှန်ရေး

By Htet Ko

Leave a Reply

Your email address will not be published. Required fields are marked *